တခါတလေ တယောက်တည်းရှိနေချိန်ရှာရှာကြံကြံတွေးမိလေးတာတွေပါ။
ကြားဖူးကြမှာပါ။ရာမဇာတ်ကို။ကျွန်တော်စိတ်အ၀င်စားဆုံးဇာတ်လိုက်က
ရာမ မဟုတ်ပါဘူး။ လက္ခဏပါ။ဘာကြောင့်လဲဆိုတော့ ဒီခေတ်စကားလုံး
တွေအရပြောရရင် စွန့်လွှတ်ခြင်းအနုပညာကိုတတ်မြောက်သူတစ်ယောက်မို့
ပါ။လူတော်ဆိုတာ ရယူနိုင်ခြင်းနဲ့ တိုင်းတာတဲ့လောကကြီးမှာ စွန့်လွှတ်ပြခဲ့တာ
မို့လေးစားတာပါ။ စွန့်လွှတ်ဖို့ဆိုတာ လူတစ်ယောက်အတွက်ခက်ခဲတဲ့ကိစ္စပါ။
အထူးသဖြင့် ရယူနိုင်စွမ်းရှိတဲ့ ကိစ္စတွေမှာပါ။ကျွန်တော်လေရှည်နေတာနဲ့ပဲ
ဘာစွန့်လွှတ်တာလဲမပြောရသေးပါဘူး။ သီတာအတွက် လေးတင်ခိုင်းချိန်မှာပါ။
ဒီလေးကိုသူ မ နိုင်တယ်။တင်နိုင်တယ်။ဒါပေမယ့် သူ့ထက်ကြီးတဲ့အကို ကိုသူမကျော်ခဲ့ပါဘူး။
တကယ်လို့သာ သူသာ မ ခဲ့။တင်ခဲ့မယ်ဆိုရင် ဇာတ်တော်တောင်ပြောင်းပြီး လက္ခဏဇာတ် ဆိုပြီး
ဖြစ်သွားနိုင်ပါတယ်။ ဒီအခွင့်အရေးကို သူမယူခဲ့ပါဘူး။ ဟာ သူက သီတာကိုမကြိုက်လို့လားမှ
မသိတာလို့ပြောစရာရှိပါတယ်။ ဇာတ်ကိုသေချာဖတ်ဖူးသူဆိုရင်သိမှာပါ။
ကျွန်တော်လည်းသေချာတော့မမှတ်မိပါဘူး။
ဒသ လာချိန်မှာတိမ်တွေကြားထဲ
ကိုယ်ဖျောက်လာတာမို့ သူ့ကိုမြင်နိုင်တဲ့ ဘိဘိသေန မရှိချိန်မှာ
မိန်းမတွေကို ၁၀ နှစ်ကြာအောင်မကြည့်ဖူးသူမှ မြင်နိုင်မှာလို့
ပြောချိန်မှာမြင်နိုင်သူက လက္ခဏ ပဲလေ။သူကတောထဲမှာနေရချိန်
တောက်လျှောက် သီတာကိုမော့မကြည့်ခဲ့ပဲ။ဒီတော့ သူမကြိုက်လို့
မတင်ခဲ့တာမဟုတ်ဘူးလို့ သုံးသပ်ရပါတယ်။
ဒီစွန့်လွှတ်သည်းခံနိုင်စွမ်းကိုလေးစားလို့မဆုံးပါဘူး။
ဟာဒါတွေက ဇာတ်ပါကွာလို့ပြောရင် ကျွန်တော် နောက်တခု
ဆွဲထုတ်ပြပါမယ်။
အဲဒီသူက ကနောင်မင်းသားကြီး ပါပဲ။
သူလဲ သူ့စီနီယာ သူ့အကို ကိုဦးစားပေးခဲ့သူပါပဲ။
အားလုံးသိပါတယ်။ မယ်နုဓါးထက်လာချိန်မှာ
ပုဂံမင်းကို သူတို့ညီအစ်ကို နှစ်ယောက်ပုန်ကန်ခဲ့တာလေ။
ပုန်ကန်မှုအောင်မြင်ပြီး နန်းရတဲ့အချိန်မှာအကို ကိုပဲဦးစားပေးခဲ့သူပေါ့။
မင်းတုန်းမင်းဆိုတာ ကနောင်မင်းသားနတ်ရွာစံချိန်မှာ
သူ့သားတော်တစ်ပါးပါး အိမ်ရှေ့စံ တင်ဖို့တောင်ဒွိဟတွေနဲ့
မရွေးနိုင်ခဲ့သူဆိုတော့ ဒီပုန်ကန်မှုအောင်မြင်တာဟာ
ကနောင်ရဲ့ အစွမ်းဘဲလို့တစ်ထစ်ချ ယူဆတယ်။
နန်းရဖို့ အတွက်ဆိုရင် အဖေတောင်သတ်ယူနေကြချိန်မှာ
အကို ကိုဦးစားပေးခဲ့သူ ကနောင် ကိုလေးစားမဆုံးပါဘူး။
ဒီလိုစိတ်ဓါတ်တွေ
ကျွန်တော်တို့နိုင်ငံ၊လူဘောင်မှာသာ
ဖွံဖြိုးလာလို့ကတော့
တိုးတက်လာမှာမြေကြီးလက်ခတ်မလွဲပါဘူး။
ထပ်ပြောပါဦးမယ်။
ရာမ မင်းလက်ထက်မှာ ကျစ်ကျစ်ခဲခဲ
စုစုစည်းစည်းတပ်တော်ကြီးရှိခဲ့သလို
ကနောင် မင်းသားမကွယ်လွန်ခင်ချိန်မှာ
မြန်မာနိုင်ငံ ဟာကျစ်ကျစ်စည်းစည်းနဲ့
တိုးတက်မှုလမ်းကြောင်းပေါ်မှာပါ။
အလွန်တော်တဲ့ ဒုတိယလူတွေဟာ
လိုအပ်ချက်တစ်ခုပါ။
အဲဒီဒုတိယလူတွေအပေါ်
အလွန်လေးစားတဲ့အကြောင်း
အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့
ဒီလူတွေ၊ဒီလိုအတွေးတွေ ဟာ
အလွန်လှပ၊ကျက်သရေရှိပါကြောင်း
ဖွင့်ဟလျှာရှည်မိတာပါ။

No comments:
Post a Comment